jdbKX စျေးဟောင်းမှာရှိကြတယ် (စဆုံး)

စျေးဟောင်းမှာရှိကြတယ်(စ-ဆုံး)

ဖြစ်ရပ်မှန်

သီရိမင်္ဂလာစျေး (ယခင်စျေးဟောင်း)ဆိုတာ အနယ်နယ်အရပ်ရပ်က ကုန်သည်တွေ၊ ရောင်းသူ၊ ဝယ်သူတွေစသည်တို့ဖြင့် စည်ကားလွန်းလှသည်။ ထိုမျှမကသေး။ တောင်းရမ်းစားသောက်သူတွေကလည်း ထိုစျေးကြီးထဲတွင် နေရာတစ်နေရာကိုအထိုင်ချကာ တောင်းရမ်းစားသောက်ကြသည်။
ညအိပ်တော့လည်း ထိုနေရာတွင်သာ ပုဆိုးစုတ်၊ ဖျာစုတ်စသည်တို့ကိုခင်းပြီးအိပ်တတ်ကြသည်။ သည်တော့ လူတွေစုံလျှင် စရိုက်တွေလည်းစုံကြသည်မဟုတ်လား။ ရန်ပွဲတွေ၊ လူသတ်မှုတွေကလည်း ထူပြောများပြားလွန်းလှသည်။ တစ်ဖန် လာရောက်တောင်းရမ်းစားသောက်သူတွေထဲမှ ရောဂါသည်တွေလည်းပါဝင်ပြီး ထိုလူတွေမှာလည်း ရောဂါကြောင့်ထိုနေရာ၌ပင်သေဆုံးခဲ့လျှင် အနားမှစျေးသည်တွေက လူမှုကူညီရေးကိုလှမ်းဆက်သွယ်ရသည်။

အဖွဲ့ရောက်လာတော့ အလောင်းကိုဆေးရုံပို့၊ ပြီးလျှင်ချက်ချင်းမီးသင်္ဂြိုဟ်ကြသည်။ ပိုင်ရှင်မဲ့အလောင်းမို့ ၎င်းတို့အတွက်ရည်စူးပြီး ကုသိုလ်ပြု၊ ရေစက်ချအမျှပေးဝေတာတွေကို မည်သူမှမလုပ်ကြချေ။ သည်တော့ သေဆုံးပြီး မကျွတ်မလွတ်ပုဂ္ဂိုလ်တွေက စျေးနှင့်ပတ်သက်သည့်နေရာတွေတွင်သာ မှီခို၍နေကြတော့သည်။
အချို့ပုဂ္ဂိုလ်တွေကလည်း စျေး၏အပေါ်ထပ်ရှိ ကုမ္ပဏီတွေတွင်မှီခိုနေထိုင်ကြပြန်သည်။ အထက်ပါအချက်တွေကတော့ ထိုစျေးတွင်နှစ်ရှည်တာဝန်ကျခဲ့ဖူးသည့် စည်ပင်ဝန်ထမ်းတစ်ယောက်က ပြန်လည်ပြောပြခြင်းဖြစ်သည်။ သို့ဆိုလျှင် သူပြောသလိုတကယ်ဟုတ်မဟုတ်၊နောက်ပိုင်းအဖြစ်အပျက်တွေကို ဆက်လက်ဖတ်ရှုကြပါ။
++++++++++++++++++++++++
မှန်ဝင်္ကပါထဲမှ ထဘီရင်လျားမိန်းကလေး..
ကစားကွင်းသည် စနေ ၊ တနင်္ဂနွေနှင့် နေ့ကြီးအခါကြီးများတွင်လူစည်ကားလေ့ရှိသော်လည်း ကြားရက်များဆိုလျှင်တော့ လူနည်းပါးလေ့ရှိသည်။
တစ်နေ့ သောကြာရက်တွင် လူနည်းပါးသဖြင့်သရဲအိမ်တွင် ဝန်ထမ်းမိန်းကလေးတစ်ယောက်သာရှိနေလေသည်။
ထိုအခိုက်တွင် ဧည့်သည်အမျိုးသမီးနှစ်ယောက်ရောက်လာပြီး လက်မှတ်ဖြတ်ကာ သရဲအိမ်ထဲသို့ဝင်သွားကြသည်။
ဝန်ထမ်းမိန်းကလေးလည်း သရဲအိမ်အပေါက်ဝတွင် သန့်ရှင်းရေးလုပ်နေလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဧည့်သည်အမျိုးသမီးနှစ်ယောက်ပြန်ထွက်လာသည်။
ပြီးနောက် တာဝန်ကျဝန်ထမ်းမိန်းကလေးကိုပြောသည်။
“ညီမရယ်။ အစ်မတို့နှစ်ယောက် ဒီသရဲအိမ်ထဲက မှန်ဝင်္ကပါထမ်းမှာလမ်းပျောက်ပြီး တဝဲလည်လည်ဖြစ်နေတာ။ တော်သေးတာပေါ့။ အဲဒီအချိန်မှာ ထဘီရင်လျားနဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီး အစ်မတို့ကိုလမ်းပြပေးလို့ အခုလိုပြန်ထွက်နိုင်တာ”
ထိုစကားကြောင့် ဝန်ထမ်းမိန်းကလေးလည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ဧည့်သည်နည်းပါးသည်မို့ ဤသရဲအိမ်တွင်တာဝန်ကျသည်မှာ သူမတစ်ယောက်တည်းသာဖြစ်သည်။
အခြားမည်သည့်ဝန်ထမ်းမှမရှိချေ။
သို့ဆိုလျှင် လမ်းပျောက်သည့်ဤဧည့်သည်နှစ်ယောက်ကိုလိုက်ပို့သည့်ထဘီရင်လျားနှင့်မိန်းကလေးသည်မည်သူနည်း။
တွေးရင်းဖြင့် တာဝန်ကျဝန်ထမ်း မိန်းကလေးလည်း ကြက်သီးတွေပင်တဖျန်းဖျန်းထသွားမိသည်။
သို့သော် ဧည့်သည်မိန်းကလေးနှစ်ယောက်ကိုတော့ သရဲသရုပ်ပြုလုပ်သည့်မိန်းကလေးက ဒီလိုလမ်းပျောက်လျှင်လိုက်ပို့ပေးလေ့ရှိသည်”ဟုပြန်ပြောလိုက်ရသည်။
သို့ဖြင့် ညဘက်အလုပ်သိမ်းခါနီး သရဲအိမ်ကွန်ထရိုးအခန်းထဲမှမိန်းတွေကို တစ်ယောက်တည်းဝင်မပိတ်ရဲတော့သဖြင့် အခြားဝန်ထမ်းတစ်ယောက်ကိုအဖော်ခေါ်ရသည်ဟူ၏။
++++++++++++++++++++++++
ဘယ်သူနဲ့နေရမလဲ
အဆောင်မှမိန်းကလေးတွေနှင့် အိမ်ထောင်သည်လိုင်းခန်းမှ ဝန်ထမ်းများသည် အမှတ်(၁)ကစားကွင်းသို့ သွားရောက်အလုပ်ဆင်းရသည်ဆိုပေမင့် ဖယ်ရီကားစီစဥ်ပေးထားသည်မို့ အားလုံးအတွက်အဆင်ပြေကြသည်။ နောက်ပြီး ထမင်းဆိုလည်း စားဖိုဆောင်တွင်အဆင်သင့်ခူးခပ်စားရုံပင်။
ယင်းသို့အဆင်ပြေလာသည့်တစ်လျှောက် မထင်မှတ်ဘဲ အပြောင်းအလဲက စတင်ကြုံလာသည်။ ယင်းမှာ နိုင်ငံအာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာ၌ အဲဒီစျေးဟောင်းရှိ ကုမ္ပဏီများအားလုံး သုံးလအတွင်းဖယ်ပေးရမည်ဟု အမိန့်ကျလာခြင်းဖြစ်သည်။
ထိုအခါ အိမ်ထောင်သည်လိုင်းခန်းမှဝန်ထမ်းတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် အပြင်တွင်အိမ်ငှားကြသည်။
အဆင်မပြေသူတွေကတော့ ရုံးတွင်ချေးငွေတင်သူကတင် စသည်ဖြင့် အိမ်ငှားနိုင်ဖို့အရေးကြိုးစားကြရသည်။
အိမ်ထောင်သည်တွေတရွေ့ရွေ့ဖြင့် ရွှေ့ပြောင်းပြီးသည့်နောက် အင်အား ၅၀-ခန့်ရှိ ညအိပ်(ကုမ္ပဏီတွင်သာနေ၊ကုမ္ပဏီတွင်သာစား)
ဝန်ထမ်းမိန်းကလေးတွေအတွက် အဆောင်ငှားဖို့ရာ မန်နေဂျာတွေလည်းအစွမ်းကုန်ကြိုးစားကြရပြန်သည်။
ယင်းသို့ကြိုးစားရာ၌ အတန်အသင့်ကျယ်ဝန်းပြီး စျေး၊ ကားမှတ်တိုင်တို့နှင့်နီးကပ်သည့် တိုက်ခန်းကိုရလိုက်သည်။
ထို့နောက် ထိုတိုက်ခန်းကို မီးတွေပြန်ဆင်၊ ဆေးတွေပြန်သုတ် စသည်ဖြင့် ပြင်ဆင်ခဲ့ရာ ရက်အနည်းငယ်အတွင်းမှာပင် ပြောင်းရွေ့နိုင်ရန်အဆင်သင့်ဖြစ်လာခဲ့သည်။
တစ်နေ့သောမနက်တွင်တော့ ဝန်ထမ်းမိန်းကလေးတစ်ယောက် အော်ငိုနေလေသည်။
ထိုအခါ ကျန်သည့်မိန်းကလေးတွေပါလန့်သွားကြသည်။
“ဟဲ့ မိဖြူ နင်ဘာဖြစ်တာလဲ”
ယင်းသို့မေးတော့ မိဖြူဆိုသည့်မိန်းကလေးက
“ငါမိဖြူမဟုတ်ဘူး။ ဒီမှာရှိနေတဲ့တစ်ယောက်”
ထိုစကားကြောင့် အားလုံးလည်းကြောင်တောင်တောင်ဖြစ်သွားကြသည်။
ထိုအခိုက်တွင် အနည်းငယ် လည်လည်ဝယ်ဝယ်ရှိသည့်မိန်းကလေးတစ်ယောက်က
” မိဖြူ ကသရဲဝင်ပူးနေတာဟဲ့”
“ဟင်”
“အမလေး”
အကုန်လုံးလန့်သွားကြသည်။
ထို့နောက် အမှတ်(၁)မှ မန်နေဂျာကိုဖုန်းဆက်ခေါ်ရာ မန်နေဂျာလည်း အလုပ်ခွင်မှ လုံခြုံရေးကို ပြန်လည်ခိုင်းစေရပြန်သည်။
ထိုလုံခြုံရေးသည် ပယောဂလည်းကုတတ်သည့် ရွှေရင်ကျော်တစ်ယောက်ဖြစ်သည်။ ထို့နောက် အဲဒီလုံခြုံရေးကို ကားဖြင့်လွှတ်လိုက်ရာ ချက်ချင်းရောက်လာသည်။
ပြီးနောက် စျေးအပေါ်ထပ်တွင်ပွဲတွေပေးပြီး မိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲကိုမေးသည်။
“နင်ဘယ်သူလဲ။ ဘာဖြစ်လို့ ဝန်ထမ်းကောင်မလေးကို နှောက်ယှက်ရတာလဲ”
ယင်းသို့မေးတော့ မိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲက
“ငါနှောက်ယှက်တာမဟုတ်ဘူး။ ဝမ်းနည်းလွန်းလို့”
“နင်က ဘာဝမ်းနည်းတာလဲ”
“ဒီကကောင်မလေးတွေက နေရာပြောင်းတော့မှာဆိုတော့ ငါက ဘယ်သူနဲ့နေရတော့မှာလဲ။ ပြီးတော့ ဒီစျေးကြီးက ဖြိုချပစ်တော့မှာဆိုတော့ ငါ့မှာနေစရာမရှိတော့ဘူး”
ပြောရင်းဖြင့်ငိုနေပြန်သည်။
ထိုအခါ မူလကကြောက်နေကြသည့် ဝန်ထမ်းမိန်းကလေးတွေလည်း ထိုသရဲမ၏စကားကြောင့်စိတ်မကောင်းဖြစ်သွားကြသည်။
လုံခြုံရေးဝန်ထမ်းလည်းသက်ပြင်းချလိုက်ပြီး
“ဒါတော့ ငါတို့လည်းဘယ်တက်နိုင်မလဲဟာ။ ငါတို့တောင်ပြောင်းဆိုလို့ ပြောင်းရတော့မှာပဲလေ”
“ငါသိပါတယ်ဟာ။ ဒါကြောင့်ဝမ်းနည်းလွန်းလို့အခုလိုပြောရတာပါ။ ဒီကလေးမကို ဒုက္ခပေးဖို့မရည်ရွယ်ပါဘူး”
“အေး ဒါဆိုလည်း နင် ဒီကလေးမ ခန္ဓာကိုယ်ထဲက ထွက်တော့။ ကြာရင်မကောင်းဘူး”ဟုဆိုကာ မိဖြူ၏နဖူးကို လက်ဖဝါးဖြင့်ပုတ်လိုက်သည်။
ထိုသရဲမလည်းထွက်သွားသည်။ ထိုအခါမှ ဝန်ထမ်းမိန်းကလေးတွေလည်း မိဖြူကိုတွဲပြီး အခန်းထဲသို့ပြန်ပို့လိုက်ကြရတော့သည်။
+++++++++++++++++++++++++++
မန်နေဂျာလည်းကြုံဖူးတယ်…
အထက်ပါအဖြစ်အပျက်များသည် ကစားကွင်းမှအဖြစ်အပျက်များဖြစ်ပြီး ကျွန်တော်သိသလောက်ပြန်ရေးရခြင်းဖြစ်သည်။
ကစားကွင်း၏ အထက်တွင် ပရိဘောဂကုမ္ပဏီကြီးရှိသလို၊ မိုတယ်ကြီးလည်းရှိနေပါသေးသည်။
သို့သော် ထိုနေရာတွေသို့ ကျွန်တော်လည်းမရောက်ဖူးသည်မို့ ဤကဲ့သို့ပရလောကနှင့်ဆက်နွယ်သည့်အဖြစ်အပျက်တွေ ရှိမရှိဆိုတာတော့မသိရပါ။
မည်သို့ပင်ဆိုစေ။ စျေးဟောင်းနှင့်ပတ်သက်၍ ကျွန်တော်သိသလောက်ကို ဝတ္ထုအဖြစ်ပြန်ရေးပြီးသည့်နောက် မန်နေဂျာဆီခွင့်တောင်းလိုက်သည်။
“ဂျာကြီး ကျွန်တော်စျေးဟောင်းက အဖြစ်တွေကိုဝတ္ထုအဖြစ်ပြန်ရေးထားတယ်။ ကစားကွင်းကိုတော့နာမည်မတပ်ဘူး။ ဒါလိုင်းပေါ်တင်လိုက်ရမလားဗျ”
ယင်းသို့ခွင့်တောင်းတော့ မန်နေဂျာက
“တင်ပါ ရပါတယ်။ ကစားကွင်းနာမည်တော့မတပ်တာကောင်းပါတယ်”
ယင်းသို့ဆိုပြီးနောက် တစ်စုံတရာကိုသတိရမိသွားဟန်ဖြင့်
“အေး ကိုဆွေ။ မင်းက စျေးဟောင်းက သရဲအကြောင်းတွေရေးတယ်ဆိုတော့ ငါလည်း စျေးဟောင်းမှာငါကြုံရတာနှစ်ခုကို ပြန်ပြောပြရဦးမယ်ကွ”
“ဟုတ် ပြောပါဗျ”
“အေး..ပထမတစ်ခုက ငါတာဝန်မှူးကျတုန်းကကွ။
ငါကလည်း ကစားကွင်းစဖွင့်ကတည်းက မန်နေဂျာရာထူးနဲ့စဝင်တာ။ ဒါပေမဲ့ အဲဒီတုန်းက အပြင်ကပဲလာဆင်းတာ။
တစ်ရက်တော့ ငါညဘက်တာဝန်မှူးကျတယ်။ (တာဝန်မှူးဆိုသည်မှာ ညဘက်အရေးပေါ်အခြေအနေတွေတွင် ဖြစ်လာသည့်ကိစ္စတွေကိုဖြေရှင်းပေးရသည်။)
ဒါနဲ့ငါလည်း အိပ်ဖို့အတွက် စာကြည့်တိုက်ထဲဝင်လာတယ်။ အဲဒီထဲမှာ တာဝန်မှူးတွေအိပ်တဲ့ကုတင်ရှိတယ်။ ခြင်ထောင်၊စောင် အကုန်လုံးအဆင်သင့်ပဲ။ စာကြည့်တိုက်ဆိုတာက အခုဖူဆယ်ကွင်းဘေးက အဆောင်ပေါ့။ အဲဒါအရင်တုန်းက ဝန်ထမ်းတွေစာဖတ်ဖို့အတွက် စာကြည့်တိုက်လုပ်ပေးထားတာ။
ငါလည်း မအိပ်ချင်သေးတာနဲ့ ဂိတ်ကလုံခြုံရေးတွေနဲ့ ညဆယ့်နှစ်နာရီအထိစကားပြောနေခဲ့တာ။ အဲဒီတုန်းက အလုပ်သိမ်းချိန်က ညကိုးနာရီကိုး။
စကားပြောပြီး ငါလည်းစာကြည့်တိုက်ထဲဝင်အိပ်တယ်။ တော်တော်နဲ့အိပ်မရဘူး။ တဖြည်းဖြည်းနဲ့ ညနှစ်နာရီထိုးလာတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ငါ့ကုတင်ခြေရင်း ခပ်လှမ်းလှမ်းနေရာမှာလာရပ်တယ်။ သူ့ပုံစံက ဆံပင်ကိုဖားလျားချထားပြီး တဘက်ကိုလည်း ခေါင်းမှာပေါင်းထားတယ်။ အင်္ကျီနဲ့ထဘီကတော့ အနက်ရောင်ပဲ။
ငါလည်း သူ့ကိုကြည့်နေရင်းနဲ့ စိတ်ထဲကနေ”သွားတော့ ငါနင့်အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမယ်။ သွားတော့”လို့ပြောနေပြီး မျက်စိကိုမှိတ်ထားလိုက်တယ်။
ခဏနေတော့ မျက်စိကို ပြန်ဖွင့်လိုက်တော့ သူက ငါ့ကုတင်ခြေရင်းအထိရောက်နေပြီ။ ဒါနဲ့ငါလည်းအသံထွက်ပြီးပြောလိုက်ရတယ်။ ’နင့်အတွက်ငါကုသိုလ်လုပ်ပေးမယ်။ သွားတော့’လို့ပြောလိုက်တော့မှ ချက်ချင်းပျောက်သွားတယ်။
ဒီတော့မှငါလည်း စာကြည့်တိုက်ထဲမအိပ်ရဲတော့တာနဲ့ လုံခြုံရေးဂိတ်မှာသွားအိပ်ရတော့တယ်။
အဲဒါပထမတစ်ခု။ ဒုတိယတစ်ခုက ညအိပ်ဝန်ထမ်းကောင်လေးတစ်ယောက်။ မနက်သုံးနာရီအချိန်အိမ်သာသွားတက်တာ။ သူအိမ်သာထဲကပြန်ထွက်လာတော့ ပုဂ္ဂိုလ်တစ်ယောက် မတ်တပ်ရပ်နေတာတွေ့ရတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့အရပ်အမောင်းက ပေနှစ်ဆယ်ကျော်တဲ့အထိမြင့်တဲ့အမိုးကိုထိနေတဲ့အပြင် မလွတ်တာမို့ ခါးကိုပါကိုင်းထားရတယ်။ ပြီးတော့ တစ်ကိုယ်လုံးမည်းမှောင်နေပြီး အမွှေးအမျှင်တွေနဲ့။ ဘာပြောကောင်းမလဲ။ အဲဒီဝန်ထမ်းလည်း အော်ဟစ်ပြီး မျက်နှာကိုလက်နဲ့အုပ်ပြီး အဲဒီပုဂ္ဂိုလ်ရဲ့ ပေါင်ကြားထဲကပြေးထွက်လာခဲ့တာ။ အဆောင်ကိုရောက်တော့ ငါတို့လည်းလန့်နိုးပြီး အကျိုးအကြောင်းမေးကြည့်မှဒီလိုအခြောက်ခံရမှန်းသိရတာ။ မကြာပါဘူး။အဲဒီကောင် ကြောက်စိတ်ကြောင့်ကိုယ်တွေပူပြီး ဖျားပါလေရော။ ဒါနဲ့ငါတို့လည်း သူ့ကိုအိမ်ပြန်ပို့ခိုင်းလိုက်ရတယ်။ သူ့အိမ်က ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာဆိုတော့ နီးတယ်လေ။ သမ္ဗာန်လှေနဲ့ကူးရင်ခဏပဲ။ သူအိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ ဆုံးပြီတဲ့။ လိပ်ပြာပဲအနှုတ်ခံလိုက်ရတာလား၊အကြောက်လွန်ပြီးဆုံးသွားတာလား မပြောတတ်ပါဘူး”ဟုဆိုသည်။
၎င်း၏စကားဆုံးတော့ ကျွန်တော်လည်း စကားအနည်းငယ်ဆက်ပြောပြီး စာရေးသည့်စားပွဲတွင်ပြန်ထိုင်လိုက်သည်။
ထို့နောက် မူလက ရေးထားသည့်အဖြစ်အပျက်တွေနှင့် ယခုမန်နေဂျာပြောပြသည့်အဖြစ်အပျက်တွေကို ဆက်ကာဆက်ကာ တွေးကြည့်နေမိတော့သည်။
တကယ်တော့ စျေးဆိုသည်မှာ ဆိုခဲ့ပြီးသည့်အတိုင်းလူပေါင်းစုံ၊ စရိုက်ပေါင်းစုံ လာရောက် ရောင်းဝယ်ကြသည်။ အချို့အကြောင်းအမျိုးမျိုးကြောင့်သေကြသည်။ ကျွတ်လွတ်သူတွေလည်း ကျွတ်လွတ်ကြမည်။ မကျွတ်လွတ်သူတွေလည်းမကျွတ်လွတ်ဘဲ စျေးကြီးတွင်မှီခိုနေကြသည်။
ကျွန်တော်စိတ်ဝင်စားမိသည်မှာ စျေးကြီးကိုဖြိုချပြီးခဲ့လျှင် ထိုထိုသော မှီခိုကပ်၍နေထိုင်ကြသည့် မကျွတ်မလွတ်ပရလောကသားတွေကို မည်သည့်ပုဂ္ဂိုလ်က ပြန်လည်နေရာချပေးမည်နည်း။
ထိုသို့မဟုတ်ဘဲ မည်သည့်နေရာတွင် မှီခိုကပ်၍နေထိုင်ကြမည်လဲဆိုတာပဲဖြစ်သည်။
သြော်။ ကိုယ်ကသာ ကိုယ်နှင့်အမျိုးလည်းမတော်သလို၊ မြင်လည်းမမြင်ရသည့်ပရလောကသားတွေအတွက်တွေးပြီး စိတ်ဝင်စားနေမိသည်။
ကိုယ်ကိုယ်တိုင်ကမူ ဘာမှမဟုတ်သေး။ ပြီးတော့ ကိုယ်မှီခိုနေထိုင်သည့်အဆောက်အဦးလေးကို အကြောင်းအမျိုးမျိုးပြပြီး ဘယ်အချိန် ဘူဒိုဇာနှင့်ထိုးချဖျက်ဆီးခံရမည်လဲမသိ။
ဤခေတ်ကာလကြီးထဲတွင် လူမပြောနှင့်။ သရဲပင်ဘုံပျောက်ရသည့်ခေတ်မဟုတ်လား။
အားလုံးအေးချမ်းပါစေ…။

ဆရာဆွေ(တောင်တွင်း)

#jdbkx.net #ဝတ္ထုတို #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *